အောက်ပါအမေးအဖြေများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အာဟာရပညာရှင်များမှ ပြုစု ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားနေစဉ်ကာလအတွင်း မိခင်နို့တိုက်ကျွေး ခြင်းဆိုင်ရာ အမေးအဖြေကဏ္ဍကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ (National Nutrition Centre/NNC) မှ ဘာသာပြန်၍ တင်ပြထားခြင်းအား ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါသည်။
မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဟာ မေမေတို့ရဲ့ နို့ရည်ကတစ်ဆင့် သားသားမီးမီးတို့ကို ကူးစက်နိုင်ပါသလား?
ဖြေ။ အခုအချိန်ထိတော့ မေမေတို့ရဲ့ နို့ရည်ထဲကတစ်ဆင့် (ဒါမှမဟုတ်မေမေ့နို့တိုက်လို့ သားသားမီးမီးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထားများ မတွေ့ရှိသေးပါဘူး။ ဒါကြောင့် … ရင်သွေးငယ်များအတွက် အကောင်းဆုံးအာဟာရလည်းဖြစ် ၊ ရောဂါကာကွယ်တဲ့ဓာတ်တွေလည်းပါဝင်တဲ့ မိခင်နို့ ချိုကို အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ သားသားမီးမီးတို့ကို ဆက်တိုက်ဖြစ်အောင် တိုက်ရမှာဖြစ်ပါတယ်။
မေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဖြစ်များနေတဲ့ မြို့နယ်၊ ရပ်ကွက်အတွင်းမှာ နေထိုင်နေတဲ့ မေမေတို့ကရော သားသား၊ မီးမီးတို့ကို မိခင်နို့တိုက်လို့ရပါသလား?
ဖြေ။ မိခင်နို့ဟာ မွေးကင်းစကလေးတွေနဲ့ ရင်သွေးငယ်တွေ ခန္ဓာကိုယ်စံမီကြီးထွားဖွံ့ဖြိုးဖို့ဉာဏ်ရည်ဖွံ့ဖြိုးဖို့တို့အပြင် ကူးစက်ရောဂါတွေကိုတုံ့ပြန် .. တိုက်ခိုက်ပြီး ကျန်းမာ သန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်တာကြောင့် ဘယ်နေရာမှာနေတဲ့ မေမေပဲဖြစ်ဖြစ် မိမိတို့ ရင်သွေးလေးတွေကို မိခင်နို့ကို တိုက်ဖြစ်အောင်တိုက်ရမှာ ဖြစ်ပါတယ်။
မေး။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (Suspected case) ဒါမှမဟုတ် အတည်ပြုလူနာ (COVID-19 Positive)ဖြစ်နေရင် မွေးပြီးပြီးချင်း ကလေးကို မိခင်နဲ့အသားချင်း ထိကပ်ထားပေးလို့ရပါသလား?
ဖြေ။ ရပါတယ်။ မွေးစကလေးတွေကို မိခင်နဲ့ အသားချင်းထိကပ်ထားပေးခြင်းဟာ မွေးစ ကလေးရဲ့ ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးပြီး ကလေးအသက်ရှင်သန်ဖို့အတွက် အထောက်အကူဖြစ်တဲ့အပြင် အဲဒီလို အသားချင်းထိပေးခြင်းအားဖြင့် မွေးပြီးပြီးချင်း ထွက်တဲ့ ရောဂါကာကွယ်တဲ့ဓာတ်ပစ္စည်းတွေ အများကြီးပါဝင်တဲ့ နို့ဦးရည်ကို မြန်မြန် စို့နိုင်ဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ကလေးကို ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်နိုင်ခြေထက် ကလေးအတွက် ရမယ့်အကျိုးကျေးဇူးက ပိုများတာမို့ မွေးပြီးပြီးချင်း ကလေးကို မိခင်နဲ့အသားချင်းထိကပ်ထားပေးသင့်ပါတယ်။
မေး။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်) အတည်ပြုလူနာဖြစ်နေရင် ကလေးကို မိခင်နို့တိုက်လို့ရပါသလား?
ဖြေ။ မိခင်နို့ရည်ထဲကတစ်ဆင့် ကလေးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက် နိုင်တယ်ဆိုတဲ့ အထောက်အထားမရှိသေးတာမို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်) အတည်ပြုလူနာဖြစ်နေတဲ့ မိခင်က ကလေးကို နို့တိုက်ချင်တဲ့ဆန္ဒသာ ရှိရင် ကလေးကိုတိုက်လို့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်အတည်ပြုလူနာဖြစ်နေတဲ့မေမေက ကလေးကို မိခင်နို့တိုက်မယ်ဆိုရင် သတိပြုလိုက်နာရမယ့်အချက်တွေကတော့
ကလေးကို မချီခင်/မကိုင်တွယ်ခင်မှာ ဆပ်ပြာနှင့်ရေအသုံးပြု၍ လက်ကိုစင် ကြယ်အောင် အနည်းဆုံး စက္ကန့်(၂၀)ကြာမျှ စနစ်တကျဆေးရပါမယ် ၊ ဒါမှ မဟုတ် အယ်လ်ကိုဟော အနည်းဆုံး (၆၀%)ပါဝင်တဲ့ လက်သန့်စင်ဆေးရည် သုံးပြီး လက်ကို စင်ကြယ်အောင် စနစ်တကျဆေးရပါမယ်။
နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ ပါးစပ်နဲ့ နှာခေါင်းကို တံတောင်ဆစ်ကွေး (ဒါမှ မဟုတ်) တစ်ရှူးနဲ့ လုံအောင်ဖုံးထားရပါမယ်။ တစ်ရှူးသုံးမယ်ဆိုရင်တော့ သုံးပြီးတဲ့တစ်ရှူးကို အမှိုက်ပုံးထဲ ချက်ချင်းစွန့်ပစ်ရပါမယ်။ ကိုယ်ကိုင်တွယ်ထိတွေ့ လိုက်တဲ့နေရာတွေ ၊ မျက်နှာပြင်တွေမှာ ရောဂါပိုးမွှားများ
ကပ်ပြီးကျန်မနေရအောင် စနစ်တကျဆေးကြောသန့်စင်ရပါမယ်။ ကလေးကို နို့တိုက်နေတဲ့အချိန်၊ အစာကျွေးတဲ့အချိန်တွေနဲ့ ကလေးအနားမှာ ရှိနေတဲ့အချိန်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ထား ရပါမယ်။
ပါးစပ်နှင့်နှာခေါင်းစည်း(Mask) နည်းနည်းစိုလာတာနဲ့ အသစ်တစ်ခုနဲ့ ချက်ချင်း လဲရပါမယ်။ သုံးပြီးသား Mask တွေကို (လုံးဝ) ပြန်မသုံးရပါဘူး။ Mask ရဲ့ အပြင်ဘက်မျက်နှာပြင်ကိုလည်း (လုံးဝ) မကိုင်ရပါဘူး။
မေး။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်အတည်ပြုလူနာဖြစ်နေပြီး၊ ကလေးကို နို့မတိုက်နိုင်လောက်အောင် နေမကောင်းဖြစ်နေရင် ဘာလုပ်ရမလဲ?
ဖြေ။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဒါမှမဟုတ် ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုး တွေကြောင့် အရမ်းနေမကောင်းဖြစ်နေပြီး ကလေးကို နို့မတိုက်နိုင်ဘူးဆိုရင် ကလေးအတွက် မိခင်နို့ရနိုင်ဖို့ အိမ်သားတွေ (ဒါမှမဟုတ်) ပတ်ဝန်းကျင်က ကူညီပေးရ မှာပါ။ မိခင်ရဲ့နို့ကို သန့်စင်တဲ့ ခွက်ထဲကို ညှစ်ထည့်ပြီး ကလေးကိုတိုက်ပေးတာမျိုးမိခင်နို့ဘဏ်တွေမှာလှူထားတဲ့ နို့ရည်ကိုတိုက်ပေးတာမျိုး ဒါမှမဟုတ် အခြား နို့တိုက် မိခင်တစ်ယောက်ရဲ့နို့ကို တိုက်ပေးတာမျိုးတွေထဲက ကိုယ့်အတွက် အဆင်ပြေနိုင်မယ့် နည်းလမ်းတစ်မျိုးမျိုးကို ကြိုးစားကြည့်ရမှာပါ။ အဓိကကတော့ ကလေးအတွက် အကျိုးကျေးဇူးအများကြီးပေးနိုင်တဲ့ မိခင်နို့ကို ရစေချင်တာ ဖြစ်ပါတယ်
မေး။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်) အတည်ပြုလူနာဖြစ်နေပြီး၊ နေမကောင်းဖြစ်နေလို့ ကလေးကိုနို့မတိုက်နိုင်ခဲ့ရင် ဘယ်အချိန် နို့ပြန်တိုက်လို့ရမလဲ?
ဖြေ။ မိခင်က နို့ပြန်တိုက်နိုင်တဲ့အခြေအနေအထိ နေပြန်ကောင်းတာနဲ့ ကလေးကို မိခင်နို့ ပြန်တိုက်လို့ရပါပြီ။ အချိန်ဘယ်လောက်ကြာမှ နို့ပြန်တိုက်လို့ရမယ်လို့ သတ်မှတ်ထား တာမရှိသလို နို့တိုက်လို့ မိခင်နေမကောင်းဖြစ်တဲ့ရက် ပိုကြာတယ်ပိုမြန်တယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး။ နို့တိုက်ရာမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အအခဲတွေ အတွက်တော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်သင့်ပါတယ်။
မေး။ မိခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ (ဒါမှမဟုတ်အတည်ပြုလူနာဖြစ်နေလို့ ကလေးကို နို့မှုန့်တွေ စိတ်ချလက်ချ အန္တရာယ်ကင်းစွာ တိုက်လို့ရပါသလား?
ဖြေ။ (လုံးဝ) မတိုက်သင့်ပါဘူး။ မိခင်နို့အစားထိုးနို့မှုန့်တွေတိုက်ခြင်းဖြင့် ကလေးငယ် တွေမှာ အစာခြေစနစ်ပျက်စီးခြင်းမသန့်ရှင်းတဲ့ရေနှင့် ခွက်များကြောင့် ဝမ်းပျက်ဝမ်း လျှောဖြစ်ခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါဖြစ်ခြင်း-စတဲ့ အန္တရာယ်တွေရှိလာနိုင် ပါတယ်။ အဲဒီအန္တရာယ်တွေက … အခုလို .. ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်နေတဲ့ကာလ အတွင်းမှာ ပိုဆိုးနိုင်ပါတယ်။ ဒါ့အပြင် မိခင်နို့တိုက်ခြင်းဟာ ကလေးကို ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်နိုင်ခြေထက် ကလေးအတွက် ရမယ့်အကျိုးကျေးဇူးက ပိုများ တာမို့ ကလေးကို မိခင်နို့သာတိုက်သင့်ပါတယ်။
National Nutrition Centre – Myanmar မှ ရယူဖော်ပြထားတာဖြစ်ပါတယ်။ မူရင်းပိုစ်ကိုလည်း ဒီလင့်လေးမှာ သွားရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/NationalNutritionCentreMM/posts/552472145467471
Breastfeeding Messages for COVID-19
Credit: National Nutrition Centre – Myanmar